ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ အန္တရာယ်
လူ့ခန္ဓာကိုယ်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပြီး နေ့စဉ်ဘဝမှာ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ တကယ်လို့ ခန္ဓာကိုယ်အတွက် သောက်တဲ့ ရေပမာဏက ဆုံးရှုံးတဲ့ ရေပမာဏထက် နည်းနေရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အခုလို ပူပြင်းတဲ့ ရာသီမှာ ရေဓါတ်ခမ်းခြောက်ခြင်းက အဖြစ်များပြီး အရေးကြီးတာကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ အန္တရာယ် ကို မျှဝေပေးချင်ပါတယ်။
ဘယ်လို အခြေအနေမှာ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်သလဲ?
ဝမ်းလျှောခြင်း၊ ချွေးထွက်တာ နဲ့ အန်တာစတဲ့ ရေဓာတ်ဆုံးရှုံးမှုတွေဟာ ရေဓာတ်ခမ်းခြောက်ခြင်းကို အများဆုံး ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင်
- ရေအလုံအလောက် မသောက်တာ ၊
- နေပူထဲ အချိန်အကြာကြီး နေမိပြီး ချွေးထွက်များခြင်းကြောင့် ရေဓါတ်ဆုံးရှုံးမှုများတာ၊
- အရက်၊ ကဖင်းနဲ့ ဆိုဒါ သောက်သုံးမှု များတဲ့အခါ၊
- ကျန်းမာရေးအခြေအနေနဲ့ ဆေးဝါးတချို့ကြောင့် ဆီးသွားများတဲ့အခါမျိုးမှာ ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေကြောင်း ဘယ်လိုသိနိုင်မလဲ?
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်
- ရေဆာတာ၊
- နှုတ်ခမ်း နဲ့ ပါးစပ်မှာ ခြောက်သွေ့လာတာ၊
- ဆီးအရောင် ရင့်လာတာ၊
- မျက်လုံးအတွင်း ခမ်းခြောက်နေတာ၊
- မောပန်းလွယ်တာနဲ့ မူးဝေပြီး ခေါင်းကိုက်တာစတဲ့ လက္ခဏာတွေကို အများဆုံး ခံစားရလေ့ရှိပါတယ်။
အချိန်ကြာလာတာနဲ့ အမျှ ကိုယ်လက်မသယ်ချင်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ ကြွက်သားတွေ အားနည်းလာတာကို ခံစားရနိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်တာ ပြင်းထန်လာတဲ့အခါမှာတော့ ဦးနှောက် နဲ့ အခြား အရေးကြီးတဲ့ အင်္ဂါတွေကို သွေးထောက်ပံ့မှု နည်းစေတဲ့အတွက်ကြောင့် စိတ်ရှုပ်ထွေးလာတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်လာတာအပြင် နောက်ဆုံးမှာ ကိုမာ (Coma) ဝင်လာနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ရေဓါတ်ခမ်းခြောက်တာကို ဆက်တိုက် မကုသဘဲ ထားမယ်ဆိုရင် နောက်ဆုံးမှာ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
"ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်"ဆိုတဲ့အတိုင်း ခန္ဓာကိုယ်မှာ ရေဓာတ်မရှိတဲ့အခါ လိုအပ်တဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို ဆောင်ရွက်နိုင်ဖို့ မလွယ်ကူပါဘူး။
ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်ဖို့ တနေ့ကို ရေ နှစ်လီတာကနေ သုံးလီတာထိ အလုံအလောက် သောက်ပေးဖို့ လိုသလို ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို များများစားပေးသင့်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)